Showing posts with label ကဗျားများ. Show all posts
Showing posts with label ကဗျားများ. Show all posts

Wednesday, June 16, 2010

စက်တင်ဘာတို့ အော်သံ..

စက်တင်ဘာ ...ရွှေဝါရောင်ပန်းများ.. ..

ညိုးနွမ်းခွေလျော့ .. သွေးလူးပေကျံ ...

ကပ်ဆိုက်သံလား ...သာသနာပျက်သံလား....

ကမ္ဘာပျက်သံလား... ကယ်ပါယူပါ ..

တစာစာနဲ့ ...ဘုန်းကြီးပြည်သူ ...

ကျောင်းသားရဟန်းသံဃာတွေ... ရဲ့  ..အော်သံတွေ

ကမ္ဘာတည်သရွေ့ လွှမ်းနေမှာ လား ....

Wednesday, June 2, 2010

အာဏာရှင်စနစ်နှင့် တနှစ်တည်း လူဖြစ်သူ (or) ကျွန်တော်ရဲ့ ဖွားဖက်တော်အာဏာရှင်စနစ် ( မင်းသုည ကွမ်းခြံကုန်း)


အာဏာရှင်စနစ်နှင့် တနှစ်တည်း လူဖြစ်သူ

ကျွန်တော်ရဲ့ မွေးသက္ကရာဇ်က 1962


ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်မွေးဖွားနှစ်နဲ့ဆို

တစ်ထပ်တည်း ဖြစ်တဲ့နှစ်ပေါ့

ကျွန်တော်က လူ့လောကကြီးထဲရောက်စ

အူဝဲအူဝဲလို့ သံကုန်ဟဲပြီးအော်ဟစ်ချိန်

ဗိုလ်နေ၀င်းအစိုးရက

"သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်

တဲ့တဲ့ပစ်တာ သေနတ်ဆိုပြီး"

ပြည်သူကိုပစ်သတ်လို့ အာဏာသိမ်းချိန်ဟာ

တစ်ချိန်ထဲပဲ ဖြစ်ခဲ့တယ်လေ။

ဒါကြောင့် ကျွန်တော်ရဲ့ ဖွားဖက်တော်အဖြစ်ဟာ

အာ၊ဗော၊ကာ၊ယ၊ဆံ၊ရွှေ၊ကဏ်-မဟုတ်

သူယုတ်မာစနစ် အာဏာရှင်စစ်သာဖြစ်ခဲ့တယ်

အာဏာရှင်စနစ်နဲ့ဘက်ပြိုင်မွေး

ကျွန်တော့ကိုလည်း အာဏာရှင်လေးဖြစ်အောင်

ဒီစနစ်ဆိုးကြီးက ပို့ဆောင်ပေးခဲ့တယ်

ကျွန်တော်ရဲ့ မသိနားမလည် အသိမကြွယ်သေးတဲ့

ပကတိဖြူစင်တဲ့ နှလုံးသားဟာ

ဒီစနစ်ဆိုးရဲ့အရောင်ဆိုးပေးမှုကြောင့်

နီမြန်းညိုမှိုင်းခဲ့ရတယ်

ရတာမလို လိုတာမရရင်

သံကုန်ဟစ်ဆို အော်ဟစ်ငိုပြီး

ဆဲဆိုကြိမ်းမောင်းခဲ့တယ်။

အာဏာရှင်စနစ်ကိုဖက်တွယ်ရစ်

ကိုယ့်ကိုယ်ကို ဟုတ်ပြီအထင်နဲ့ပေါ့

ငါမှငါ ငါသာလျှင်ပဓာန

ငါ့အောက်ငယ်သူ ငါ့ရွယ်တူနှင့်

ဂုဏ်ဝါကြီးသူဆိုတာ

ဗလာနတ္ထိ ငါမသိဘူး

ငါခေါ်ရင်လာ ခိုင်းတာလုပ်

ခံမပြောနဲ့ ခွေးဖြစ်သွားမယ်

အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး

ဝေဖန်ချက်တွေ ငါနားမလည်

ငါနားလည်တာငါကောင်းစားဖို့

ငါကလွဲရင် တစ်ခြားသူပင် လူမထင်ခဲ့ဘူး

ဒီလိုနဲ့ တဖြည်းဖြည်းကြီးပြင်းရစ်လို့

မျက်စိကိုဖွင့် နားကိုစွင့်ရစ်

စာတွေကို ဖတ်မှတ်ပစ်ကာ

ကိုယ့်ကိုယ်ကိုစမ်းစစ်ဝေဖန်လှစ်တော့

ငါဟာ-လူမှဟုတ်ပါ၏လော

ရလာတာကလူ့အဖြစ်

လုပ်နေတာတွေကလူမဆန်အာဏာရှင်ဆန် ပြီးဘီလူးတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းနဲ့

ရိုင်းချင်တိုင်းရိုင်းလာတဲ့နှစ်ကို

လက်ချိုးလို့ တွတ်ရေစစ်တော့

တိုင်းပြည်အုပ်ချုပ် အာဏာရှင်မျိုးယုတ်တွေဆိုတဲ့

အာဏာရှင် ဘိုးအေဂျပိုးကြီး ဗိုလ်နေ၀င်း

လူတွေကို သန်းချီသတ်တဲ့ ဗိုလ်စိန်လွင်

ရူးကြောင် မှုးကြောင် ဒေါက်တာမောင်မောင်နဲ့

စောမောင် စန္ဒာဝင်းရဲ့ ကြိုးဆွဲရာကရတဲ့

ဗိုလ်သန်းရွှေ မောင်အေး ခင်ညွှန့်တို့ရဲ့ ဘ၀ဆိုပြီး

ပြောင်းလွှဲလာလိုက်တာ

ငါနဲ့ငါ့နိုင်ငံရဲ့ အာဏာရှင်သက်တမ်းဟာ

လေးဆယ်ကျော်လို့တစ်နှစ်တောင်စွန်းခဲ့ပြီပဲ

တိုင်းပြည်အုပ်ချုပ်မျိုးယုတ်အာဏာရှင်တွေက

ထင်ရာစိုင်း

တိုင်းပြည်အစေခံဝန်ထမ်းတွေက ထင်ရာနှံ့လို့

ငါတို့ တိုင်းပြည်မှာလည်း

နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးဟွးရေး အစရှိတဲ့အရေးတွေနဲ့

တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဂုဏ်ဟန်တွေလည်း

ဘာတစ်ခုမှ မကျန်တော့ပါလား

ဒီလိုသာဆက်ပြီး အာဏာရှင်ဆန်ကြရင်

မြန်မာဆိုတာ ဘယ်လိုဟာကို

မြန်မာလို့ခေါ်တာလဲလို့

မေးရမလိုဖြစ်တော့မည်။

မြန်မာဆိုတာ ကမ္ဘာမှာ

ချာတိချာတာနဲ့ရပ်တည်လာခဲ့တာမဟုတ်

ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ တင့်တင့်တယ်တယ်နေခဲ့တဲ့လူမျိုး

ဒါကို-ပုဂံကရှေးဟောင်းစေတီပုထိုးနဲ့

ယဉ်ကျေးမှု အမွေအနှစ် လက်မှုပညာအစစ်တွေက

သမိုင်းအဖြစ် သက်သေပြရစ်ခဲ့တယ်မဟုတ်လား

ရှေးခေတ်က မြန်မာတွေရဲ့ လက်ရာဟာ

ကမ္ဘာက လူတွေကို အံ့သြလောက်အောင်

အဆန်းတကြယ်အဖြစ်နဲ့ ကျန်ရစ်အောင် လုပ်နိုင်ခဲ့တယ်

ငါတို့နိုင်ငံ တိုင်းတစ်ပါးသူထံ

ချုပ်ချယ်ခံရပေမယ့်

တို့နိုင်ငံရဲ့ ရှေးခေါင်းဆောင်ကောင်းတွေကြောင့်

မြန်မာရဲ့ ယဉ်ကျေးမှုဂုဏ်ဟန်တွေဟာ ဘာတစ်ခုမှ မချွတ်ယွင်းခဲ့ပါဘူး

ကိုယ့်တိုင်းပြည်ကို

ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးရအောင်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တွေက

အသက်သွေးချွေးခန္ဓာကိုယ်စတေးပြီး

လွတ်လပ်ရေးကို ရယူပေးခဲ့တယ်လေ။

အခုတော့ အာဇာနည်ခေါင်းဆောင်တွေ

ယူပေးခဲ့တဲ့ လွတ်လပ်ရေး

ဘယ်ဆီထွက်ပြေးလို့ သွားခဲ့ပြီလဲ

အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ

ကျောင်းသားသမဂ္ဂအသင်း

ဝိုင် အမ် ဘီ အေ အသင်း

ဂျီ စီ ဘီ အေ အသင်း

အမျိုးသမီး ကုမ္မာရီအသင်း

စသည့် နိုင်ငံရေးအသင်းတွေ

အစာငတ်ခံ ဆန္ဒပြမှုတွေဟာ

လွတ်လပ်ရေးမရခင်မှာ

လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့ပေမယ့်

အခုလွတ်လပ်ရေးရလို့

အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ

ကျောင်းသားသမဂ္ဂအသင်း

ရဟန်းပျို သမဂ္ဂအသင်း

စသည့်နိုင်ငံရေးအသင်းတွေနဲ့

အစာငတ်ခံ ဆန္ဒပြခွင့်ဆိုတဲ့

လွတ်လပ်ရေးဟာ ဘယ်ကိုထွက်ပြေးရစ်ခဲ့ပြီလဲ။

အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ

မြန်မာနိုင်ငံရဲ့ ပညာရေးကို

ကမ္ဘာက အထင်မသေးဝံ့ခဲ့ဘူး

ကမ္ဘာရဲ့ အုပ်ချုပ်ရေး ကုလသမဂ္ဂရေးဌာနမှာ

အတွင်းရေးမှုး မြန်မာဦးသန့်ပါဆိုပြီး

ခေါင်းဆောင်ကောင်း မွေးထုတ်လို့

ကမ္ဘာကတောင်မြန်မာကို လက်ဖျားခါခဲ့ရတယ်ဟုတ်လား

လွတ်လပ်ရေးရစ အချိန်ခါ သမယမှာ

အာရှမှာ မြန်မာက အစစအရာရာသာခဲ့လို့

အာရှရဲ့ စံပြနိုင်ငံဖြစ်ခဲ့တာကို

နောင်နှစ်ပေါင်းနှစ်ဆယ်ကြာရင်

မြန်မာကိုမီရမယ်ဆိုတဲ့ စင်္ကာပူဝန်ကြီးချုပ်ရဲ့စကား

စင်္ကာပူမှာရှိတဲ့ Rangoon Road

Burmese house ဆိုတဲ့ မြန်မာနာမည်တွေက

သမိုင်းအဖြစ်သက်သေ ကျန်ရစ်နေခဲ့တယ်ဟုတ်လား

ဒီလို ကမ္ဘာမှာ မြန်မာဟေ့လို့

မော်မော်ကြွားကြွားတင့်တင့်တယ်တယ် နေနိုင်ခဲ့တာကို

အာဏာရှင် ဗိုလ်နေ၀င်းနဲ့ နောက်ပါလူတစ်စုရဲ့

ယုတ်မာကောက်ကျစ် ချိုးဖျက်ပစ်ခဲ့တာကြောင့်

အခုတော့ ဘာတစ်ခုမှ မကျန်ရစ်တော့ဘူး

အားလုံးပျက်စီး ရစ်ခဲ့ပြီ

အာဏာရှင် စနစ်ဆိုးဟာ

နိုင်ငံအတွက် ကောင်းကျိုးမပေး

ဆိုးကြိုးတွေကိုသာ ဆက်တိုက်ပေးနေခဲ့တယ်

မြန်မာအချင်းချင်း သွေးစည်းရမှန်းမသိ

ဘာမသိ ညာမသိနဲ့ အချင်းချင်းပြန်ချပစ်ခဲ့လို့

အားလုံးလဲ သွေးချောင်းစီးရစ်ခဲ့ရပြီလေ။

ရှုးတိုက်တိုင်း မကိုက်ကြပါနဲ့

ရှုးတိုက်လို့ ကိုက်တာလူမဟုတ်

ခွေးတွေရဲ့ အလုပ်ပါ။

သင်ဟာ လူလား ခွေးလား

လူဆိုရင် လူအလုပ်ကိုလုပ်ပါ

ခွေးအလုပ် မလုပ်ပါနဲ့

မေလ (၃၀) ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက်

ဒီပဲယင်းကို ခရီးထွက်ခဲ့စဉ်က

နိုဘယ်(လ်) ဆုရှင် အောင်ဆန်းစုကြည်သခင်နှင့်

ဒီမိုကရေစီလိုလား ပြည်သူများကို

ဇွတ်အတင်း အဓမ္မမုဒိန်းကျင့်ကာ

ရက်စက်စွာ သက်ဖြတ်ပစ်ကြ

ပြီးတော့မှ မလုပ်ရပါဘူးလို့ ကမ္ဘာကိုညာ

သင်တို့ရဲ့ မသမာတဲ့မာယာတွေကို

ရပ်တမ်းက ရပ်ပစ်ကြပါတော့

အို ... ပြည်သူအပေါင်းတို့

ဒို့နိုင်ငံအတွက် ကောင်းကျိုးမပေး

ဆိုးကျိုးတွေဆက်တိုက်ပေးနေတဲ့

စစ်အာဏာရှင်စနစ်ဆိုးကြီးကို

သင်ဟာလူပီသလို့ လူစင်စစ်ဖြစ်တယ်ဆိုရင်

ဆရာတော် သံဃာတော်များ

ဆရာ/ဆရာမ ကျောင်းသား ၀န်ထမ်းများနှင့်

ပြည်သူလူထုအားလုံးပေါင်းစုပြီး

အာဏာရှင် ဒီစနစ်ဆိုးကြီးကို

ကျူပင်ကိုနုတ် ကျူငုတ်မကျန်

တွန်းလှန်ပစ်ကြပါလို့ တိုက်တွန်းရင်း . . .

မင်းသုည ကွမ်းခြံကုန်း

 

blogger templates | Make Money Online